လိင်ဆက်ဆံတာများလို့ မိန်းမကိုယ်ကျယ်သွားတတ်သလား
အမျိုးသားတွေက သူတို့ရဲ့ လိင်အင်္ဂါသေးသွား၊ တိုသွားမှာကို စိုးရိမ်ပူပန်တတ်ကြသလိုမျိုး အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်တွေ အနည်းနဲ့အများဆိုသလို ရှိတတ်ပါတယ်။ အွန်လိုင်းပေါ်မှာ မိန်းမကိုယ်ကျဉ်းဆေးတွေကို သိသိသာသာ ကြော်ငြာလာကြတာကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်စိတ် ကြီးထွားလာမှုကို မြင်နိုင်ပါလိမ့်မယ်။ အိမ်ထောင်ဖက်က ကိုယ့်အပေါ်မှာ စိတ်ပျက်သွားမှာကို စိုးရိမ်တာလည်း ပါကောင်းပါနိုင်ပါတယ်။
ဒါပေမယ့် အထူးသိထားသင့်တဲ့အချက် ၁ ချက်က မိန်းမကိုယ်ဆိုက ထင်ထားသလောက် ကျဉ်းလွယ်ကျယ်လွယ်တဲ့ အင်္ဂါရပ်မဟုတ်ဘူး ဆိုတာပါပဲ။ မိန်းမကိုယ် (တစ်နည်းအားဖြင့် မွေးလမ်းကြောင်း)ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းက အံ့သြစရာပါ။ မိန်းမကိုယ်က အကြားအလပ်မရှိအောင် ပြည့်ကျပ်နေတဲ့နေရာဖြစ်ပြီး ကြွက်သားတွေကလည်း တခြားကြွက်သားတွေလိုပဲ ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ လွယ်လွယ်နဲ့ ကျယ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ ဒီတော့ လိင်ဆက်ဆံရုံနဲ့ မိန်းမကိုယ်က အလွယ်တကူ ကျယ်မလာပါဘူး။
ဒါဆို ဘယ်လိုအချိန်မှာ ကျယ်လာနိုင်သလဲလို့ မေးစရာရှိလာပါတယ်။ မိန်းမကိုယ် ကျယ်လာနိုင်တဲ့အချိန် ၂ ခုပဲ ရှိပါတယ်။ ကလေးမွေးတာနဲ့ အသက်ကြီးလာတာပါ။
၁။ ကလေးမွေးတာ
ကလေးမွေးတာတောင်မှ အသက် ၃၀အောက်မှာ မွေးတယ်။ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ မွေးတယ်ဆိုရင် မကျယ်ပါဘူး။ ကလေးတစ်ယောက်လုံး ထွက်ထားတာတောင် မိန်းမကိုယ်က ပြန်ကျုံ့နိုင်ပါတယ်။ မီးနေသည်တွေရဲ့ မျိုးပွားအင်္ဂါတွေက ၆လလောက်ဆိုရင် နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။ Kegel exercisesလို့ ခေါ်တဲ့ ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ရင် ပိုတောင်မကျယ်ပါသေးတယ်။
ကလေးအများကြီး မွေးတဲ့သူ၊ ခပ်စိတ်စိတ်လေး မွေးတဲ့သူ၊ အသက်ကြီးမှ ကလေးမွေးတဲ့သူဆိုရင်တော့ ကျယ်နိုင်ခြေရှိပါတယ်။ ဒါကလည်း ဟောင်းလောင်းပေါက် ကျယ်သွားတာမဟုတ်ပါဘူး။ ကြွက်သားတွေ အားပျော့သွားလို့ ချောင်သွားတဲ့ သဘောပါပဲ။
၂။ အသက်ကြီးတာ
အသက်ကြီးလာရင် အထူးသဖြင့် သွေးဆုံးလာရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် မိန်းမကိုယ်ခြောက်သွေ့တာ၊ ကြွက်သားတွေ အားနည်းလာပြီး မိန်းမကိုယ်ချောင်သလို ဖြစ်တတ်ပါတယ်။ ဒါက ကလေးမွေးမွေး မမွေးမွေး ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေနဲ့ အမျိုးသားတစ်ချို့ပြောနေကြသလိုမျိုး လိင်ဆက်ဆံရင် ချောင်သလို ခံစားနေရတယ်ဆိုတာက
- လိင်ဆက်ဆံတဲ့အချိန်မှာ မိန်းမကိုယ်ကြွက်သားတွေက တင်းထားတာတွေ လျှော့ထားပါတယ်။ ဒါက သဘာဝပါ။ ဒါမှ မိန်းမကိုယ်ထဲကို အမျိုးသားအင်္ဂါထည့်လို့ရမှာပါ။ ကျပ်လွန်းနေတယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးက မိန်းမကိုယ်နာတာ၊ အတူနေဖို့ ခက်တာ ဖြစ်တတ်ပါတယ်။
- အတူနေလို့မရအောင် ကျပ်နေတယ်ဆိုရင် အမျိုးသမီးက လိင်ကိစ္စမှာ စိတ်မပါတာ၊ သက်သောင့်သက်သာ မဖြစ်သေးတာ၊ ကြောက်ပြီး ကြွက်သားတွေကို ညှစ်ထားတာ ဖြစ်နိုင်ပါတယ်။
- အဆင်သင့်ဖြစ်ပြီဆိုမှ မိန်းမကိုယ်ကြွက်သားတွေက အနည်းငယ် ချောင်လာပြီး ပြီးသွားပြီဆိုရင်တော့ နဂိုအတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။
ဒါကြောင့် အမျိုးသားက မိန်းမကိုယ်ချောင်တယ်လို့ ပြောတဲ့အခါ ကိုယ့်ကိုယ်ကို မလုံမလဲ မဖြစ်ပါနဲ့။ ဒါနဲ့လည်း အပျိုဟုတ်မဟုတ် ခွဲလို့ အဆင်မပြေပါဘူး။ မိန်းမကိုယ်ချောင်နေတာ မဟုတ်ဘဲ လိင်တံသေးနေတာလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ခုနောက်ပိုင်းမှာ အမျိုးသမီးတွေက အိမ်ထောင်ပြု ကလေးမွေးတာ နောက်ကျလာလို့ပါ။ အစောဆုံးဆိုရင်တောင် အသက် ၃၀၊ တချို့ဆို ၄၀ နားကပ်မှ ယူပြီး ကလေးမွေးကြပါတယ်။ သားဆက်ခြားဖို့လည်း အချိန်သိပ်မရှိတော့ ၂ ယောက်၊ ၃ ယောက်လောက် ခပ်စိတ်စိတ်လေး မွေးပြီးပြီဆိုရင် သွေးဆုံးချိန်ရောက်သွားပါပြီ။ ကလေးမွေးတာ၊ သွေးဆုံးတာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အတွက် မိန်းမကိုယ်ချောင်တယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။
မိန်းမကိုယ်ချောင်တာကို ဘယ်လိုဖြေရှင်းကြမလဲ
လက်ရှိမှာ မိန်းမကိုယ်ချောင်တာကို ဆေးတွေသောက်၊ ဆေးတောင့်တွေ ထည့်တာရှိပေမယ့် ဒါတွေက သိပ္ပံနည်းကျလေ့လာထားတာ မဟုတ်တဲ့အတွက် ဘာမှမပြောနိုင်ပါဘူး။ မဟုတ်တဲ့ဆေးတွေဖြစ်နေရင် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမှာပါ။
ခွဲစိတ်ပြုပြင်တာတွေ ရှိပေမယ့် ဒါက ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စိတ်ချရတဲ့ နေရာမှာ လုပ်မှ အဆင်ပြေပါတယ်။ ဒါ့ပြင် ငွေကုန်ကြေးကျလည်း များနိုင်ပါတယ်။
ဒါကြောင့် မိန်းမကိုယ်ချောင်တယ်လို့ ပြောလာကြတဲ့ အမျိုးသမီးတွေကို ဆရာဝန်တွေက လေ့ကျင့်ခန်းပဲ ညွှန်လေ့ရှိပါတယ်။ Kegel exercisesလို့ ခေါ်ပါတယ်။ တင်ပဆုံကွင်းက ကြွက်သားတွေကို သန်မာအောင် လုပ်တဲ့ နည်းလမ်းပါ။
Kegel လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် တစ်ဖြေးဖြေးချင်းနဲ့ အချိန်ပေးပြီး သေချာလေ့ကျင့်ပါ။
- ပက်လက်လှဲ ဒူးထောင်ပြီး လုပ်ပါ။
- တင်ပဆုံအားကို သုံးပြီး ကြွက်သားတွေကို ဆွဲတင်းလိုက်ပါ။ ၁၀စက္ကန့်လောက် တောင့်ထားပါ။
- ၃စက္ကန့်လောက်အချိန်ယူပြီး ပြန်လျှော့ပါ။
- တစ်ခါလုပ်ရင် ၁၀ ခါ လုပ်ပါ။
- တင်ပဆုံးကွင်း ကြွက်သားတွေက လွဲပြီး ဗိုက်၊ ပေါင်၊ တင်ကြွက်သားတွေကို မသုံးပါနဲ့။ ပုံမှန်အတိုင်း အသက်ရှူပါ။
- တစ်ခါလုပ် ၁၀ခါနဲ့ တစ်နေ့ကို ၂-၃ကြိမ် လုပ်ပေးပါ။
မိန်းမကိုယ်ကြွက်သားကလည်း တခြားကြွက်သားတွေလိုပဲ အချိန်ယူလေ့ကျင့်ရပါတယ်။ ၆လလောက်ဆိုရင် သိသာလာပါပြီ။ နောက်ပိုင်း ကျွမ်းသွားရင် လှဲရင်း၊ ထိုင်ရင်း၊ မတ်တပ်ရပ်ရင်း လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းက ဆီးမထိန်းနိုင်တာ၊ သားအိမ်ကျွံတာတွေကိုလည်း သက်သာစေပါတယ်။
ဒီတော့ ကလေးအများကြီး မွေးထားတာနဲ့ အသက်ကြီး သွေးဆုံးတာကလွဲရင် မိန်းမကိုယ်က ချောင်ဖို့ ခက်ပါတယ်။ လိင်ဆက်ဆံပါများလို့ မိန်းမကိုယ်ချောင်တယ်ဆိုတာ မဟုတ်ပါဘူး။ မိန်းမကိုယ်ရဲ့ ကြွက်သားတွေက သင်ထင်ထားတာထက် အများကြီးသန်မာပြီး ကျုံ့နိုင်စွမ်းကောင်းပါတယ်။
ရေးသားသူ - ရဲဇွန်အောင်